Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Wednesday, March 7, 2012

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ



"၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ" တဲ့။ ၁၂ နှစ်ကြာအောင် အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေက ဘာတွေလဲ။
ဘယ်သူတွေ ဒီမေးခွန်းရဲ့အဖြေကို ရှာနေကြတာလဲ။ ဘုန်းကြီးတို့အားလုံး ကြားဖူးကြလိမ့်မယ်။ လောကမှာ မင်္ဂလာဆိုတာ
ဘာလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကိုလည်းဘဲ ၁၂ နှစ်ကြာအောင် စဉ်းစားခဲ့ကြရတ်။ အဖြေရှာမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ
မြတ်စွာဘုရားထံ ရောက်လာကြတဲ့ အခါကျမှ ထိုမေးခွန်းရဲ့ အဖြေဟာ ထွက်လာတယ်။
ဒီကနေ့ တရားချစ်ခင် သူတော်စင်တို့ရဲ့ ရင်ထဲမှာလည်းဘဲ မေးချင်နေတဲ့ မေးခွန်းတွေ ရှိပါလိမ့်မယ်။ သိချင်တဲ့ အချက်
တွေ၊ လူတိုင်းလူတိုင်းမှာ သိချင်တဲ့ မေးခွန်းတွေ ရှိနေတတ်တယ်၊ လူတွေမှာသာ ဒီလိုမေးခွန်းတွေရှိတာ မဟုတ်ဘူး။ နတ်တွေ
မှာလည်း မေးခွန်းတွေ ရှိကြတာပဲ။
မေးခွန်းဆိုတာ တစ်ခါတစ်ရံ အဖြေကလွယ်လွယ်ကူကုနဲ့ ထွက်မလာဘူး။ ဘုန်းကြီးတို့တစ်တွေ သာသနာတော်နှင့် ကြုံ
ကြိုက်နေသည့်အတွက်ကြောင့် အမေးကို မတွေ့ရမီ အဖြေတွေနဲ့ အရင်တွေ့နေကြတာမျိုးလည်း ရှိတယ်။ အကယ်၍
ဘုရားမပွင့်ဘူး ဆိုလို့ရှိရင် ဒီမေးခွန်းပုစ္ဆာတွေဟာ အဖြေတွေ့ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်နော်။ အဖြေကို အရင်သိနေသည့်
အတွက်ကြောင့် ခက်ခဲတဲ့အဖြေ မဟုတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။
ဘုန်းကြီးတို့ စာပေထဲမှာ ရဟန်းတော်တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့် ပြောရရင် ကမ္ဘာအနှံ့ပေါ့နော်။ သူကတန်ခိုးရှင်ပဲ၊ တန်ခိုးရှင်ဆိုတာ ဈာန်အဘိညာဏ်တွေ
ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာတယ်။
သူသည် မေးခွန်းရဲ့အဖြေကို နောက်ဆုံးကျနော့ ဘယ်မှာရသွားသလဲဆိုတော့ လူ့ပြည်မှာပဲ အဖြေမှန် ရသွားတယ်။
အဲဒီမေးခွန်းက ဘာတုန်းဆိုလို့ရှိရင် "ဓါတ်ကြီး ၄ပါး၊ မဟာဘုတ် ၄ ပါးလို့ခေါ်တဲ့ ပထ၀ီ အာပေါ တေဇော ၀ါယော 
ဆိုတာ ဘယ်နေရာမှာ အပြီးသတ် ချုပ်ငြိမ်းသွားသလဲ"  ဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီမေးခွန်းရဲ့ အဖြေကို သူရှာလိုက်တာ၊ ဒီမေးခွန်း
ကို သူ့အနီးအနားမှာ ရှိတဲ့ မြတ်စွာဘုရားဆီ မမေးဘူး။ ဒီမေးခွန်းရဲ့အဖြေကို သူစဉ်းစားလို့လည်း အဖြေမထွက်ဘူး။ အဖြေ
မထွက်သည့် အတွက်ကြောင့် တန်ခိုးကြီးတဲ့နတ်တွေ ( နတ်ကို အထင်ကြီးတာတော့ ရှေးတုန်းကတည်းက ရှိတယ်နော် )
တန်ခိုးကြီးတဲ့ နတ်တွေကတော့ ဒီအဖြေ ပေးနိုင်လောက်တယ်ဆိုပြီး၊ နတ်တွေဆီ သွားအဖြေရှာတယ်။ ဒီမေးခွန်း မေးလိုက်တိုင်း
သူတို့မသိပါဘူး၊ မသိပါဘူးပံ ဖြေကြတယ်။ နောက်ဆုံးမှာ စတုမဟာရာဇ်ကနေ တာဝတိံသာကနေ အဆင့်ဆင့် တက်သွားတာ
နတ်ပြည်ခြောက်ထပ်သာကုန်ရော အဖြေမရခဲ့ဘူး။
အဖြေမရတော့၊ ဒီရဟန်းက မလျော့သေးဘူး။ ဗြဟ္မာတွေက ဒီ့ထက် တန်ခိုးကြီးတယ်။ ဗြဟ္မာ့ပြည်တက်ပြီး အဖြေရှာ
ဦးမယ်လို့ဆိုပြီး ဗြဟ္မာ့ပြည်တက်ပြီး အဖြေရှာပြန်တယ်။ အဖြေရှာတဲ့အခါမှာ ( ဗြဟ္မာတွေမှာ သာမန်ဗြဟ္မာနဲ့ မဟာဗြဟ္မာ
ဆိုတာရှိတယ် ) အဲဒီ သာမန်ဗြဟ္မာတွေဆီ မေးလိုက်တဲ့အခါကျတော့ သာမန်ဗြဟ္မာတွေက အဖြေမပေးနိုင်ဘူး။ ဗြဟ္မပါရိသဇ္ဇာ
တို့၊ ဗြဟ္မပုရောဟိတာ တို့လို့ဆိုတဲ့ အဲဒီဗြဟ္မာတွေက အဖြေမပေးနိုင်ဘူး။ မပေးနိုင်တော့ သူတို့က ဘယ်ကို ညွန်းတုန်းဆို
တော့ မဟာဗြဟ္မာကြီးကို မေးရင်တော့ သိကောင်းသိမယ်တဲ့။
အဲဒီမဟာဗြဟ္မာကြီးဆိုတာ ဒီကနေ့ခေတ်က God ဆိုပြီး ကိုးကွယ်နေကြတာကြီးပဲ။ အမှန်ကတော့ ဗုဒ္ဓဘာသာကျမ်းစာ
မှာ အဲဒီဗြဟ္မာကြီးက သူ့ကိုယ်သူလည်း Creater လို့ယူဆတယ်။ လူတွေကလည်း သူ့ကို Creater အဖြစ်၊ ဖန်ဆင်းရှင်အဖြစ်
ယုံကြည်နေကြတယ်။ ဒီကနေ့ခေတ်မှာ ကမ္ဘာ့လူသားတွေရဲ့ ၅ပုံ ၄ပုံလောက်က God ကို ယုံကြည်နေကြတာ၊ ဖန်ဆင်းရှင်ကို
လက်ခံနေကြတယ်။
အေး၊ အဲဒီဗြဟ္မာကြီး ဘယ်နေတုန်းဆိုတာ ကျန်တဲ့ဗြဟ္မာတွေက မသိဘူးတဲ့။ ဒါဖြင့် ဘယ်မှာနေတယ်ဆိုတာ မသိဘူး
ဆိုရင် ဒီဗြဟ္မာကြီးနှင့်တွေ့ဖို့ ဘယ်လိုလုပ်ရမလဲဆိုတော့၊ ဗြဟ္မာကြီးလာရင် အရောင်အလင်းတွေက အရင်ပေါ်လာတယ်၊
သူဘယ်နေတယ် ဆိုတာတော့ မသိဘူးတဲ့၊ အရောင်အလင်းတွေ ပေါ်လာလိမ့်မယ်၊ ပေါ်လာလို့ရှိရင်တော့ ဗြဟ္မာမင်းကြီး
ရောက်လာတတ်တယ်။
အဲဒီရဟန်းက အလင်းရောင်လေး ပေါ်တဲ့အချိန်စောင့်လိုက်တယ်။ မကြာခင် အလင်းရောင်ပေါ်လာတယ်၊ ပေါ်လာပြီး
တာနဲ့ ဗြဟ္မာကြီးလည်း သူတို့ရှေ့ ဘွားကနဲပေါ်လာတယ်။ ပေါ်တဲ့အခါ အဲဒီရဟန်းက သူ့မေးခွန်းကိုမေးတယ်။ "မဟာဘုတ်
၎ပါး၊ ဓာတ်ကြီး ၄ပါး ဘယ်မှာ အပြီးသတ် ချုပ်တုန်း"
 ဗြဟ္မာကြီးက ဒီမေးခွန်းရဲ့ အဖြေ သူမသိဘူး၊ မသိတာကို မသိဘူးလို့ သူပြောရမှာ ရှက်တယ်။ လူတွေသာ ရှက်တာ
မဟုတ်ဘူး၊  ဗြဟ္မာလည်း ရှက်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပတ်ဝန်းကျင်က သူ့ကို အထင်သေးသွားမှာ
စိုးသည့်အတွက်ကြောင့် မသိဘူးလို့ မပြောချင်ဘူး။ မပြောချင်တော့ သူက ဘာတွေပြောတုန်းဆိုတော့ "ကျွန်ုပ်ဟာ ကမ္ဘာကြီး
ကို ဖန်ဆင်းတဲ့ မဟာဗြဟ္မာဖြစ်ပါတယ်" ဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေတယ်။
ရဟန်းကလည်း မရဘူး ဇွတ်မေးတယ်။ "သင့်ကို မဟာဗြဟ္မာလား၊ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်လား လို့
ငါမေးတာ မဟုတ်ဘူး။ မေးတာက ဓာတ်ကြီး ၄ပါး၊ မဟာဘုတ် ၄ပါး ဘယ်မှာချုပ်တုန်း ငါသိချင်တာ" အဲဒီလို အတင်းအကြပ်
မေးတဲ့အခါ ဗြဟ္မာကြီးက သူမသိဘူးလို့လည်း ပြောချင်တယ်၊ သူ့ပရိသတ်ရှေ့မှာလည်း သူအဖြေမပေးချင်ဘူး။
အဲဒါနဲ့ အဲဒီရဟန်းကို လက်ဆွဲပြီးတော့ တစ်နေရာခေါ်သွားတယ်တဲ့။ ခေါ်သွားပြီးတဲ့အခါ သူက တိုးတိုးပြောတယ်၊
"ဒီအဖြေ သူလည်းမသိဘူး" တဲ့၊ "ဒါကိုယ်တော့်အမှားပဲ" တဲ့၊ "ဒီမေးခွန်းရဲ့ အဖြေကို ဖြေနိုင်တာ ကိုယ်တော်တို့ ဘုရားပဲ
ရှိတယ်၊ အဲဒီကို ပြန်မေးပါ" လို့ဆိုပြီး လူ့ပြည်ပြန်လွှဲချလိုက်တယ်။ အဲဒီမေးခွန်းဟာလည်းပဲ မြတ်စွာဘုရားကလွဲရင် မည်သူမျှ
အဖြေမပေးနိုင်တဲ့ မေးခွန်းတစ်ခုဖြစ်တယ်။
မြတ်စွာဘုရားဆီ ပြန်ရောက်သွားတဲ့အခါ သူ့မေးခွန်းရဲ့ မပြည့်စုံမှု၊ မှားယွင်းမှုကို၊ မြတ်စွာဘုရားက ပြင်ဆင်ပေးတယ်။
ပြီးတဲ့အခါကျမှ အဖြေပေးလိုက်တယ်တဲ့။ အဲဒီသုတ္တန်ဟာ ဒီဃနိကာယ်မှာ ပါတယ်ပေါ့။
အဲဒီလိုပဲ လောကကြီးမှာ လူတွေပဲဖြစ်ဖြစ်၊ နတ်တွေပံဖြစ်ဖြစ် ဘ၀အရေးနဲ့ ပတ်သက်ပြီး ကြံတွေးတဲ့အခါ ကိုယ်သိချင်
တဲ့ မေးခွန်းတွေ ရင်ထဲမှာ ပေါ်လာတတ်တယ်။ သူတော်စင် ပရိသတ်တို့ရင်ထဲမှာလည်း မေးခွန်းတွေ ရှိနေမှာပါ။ ဘာသာရေး
ဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေ ရှိနေမှာပါ။
အခု ၁၂နှစ်  ကြာသည်ထိအောင် အဖြေကို ရှာခဲ့ရတဲ့ မေးခွန်းဆိုတာ ဘာတွေလဲ၊ ဘယ်သူတွေက ၁၂နှစ် ကြာအောင်
ရှာခဲ့တာလဲ ဆိုတော့ စတုမဟာရာဇ်၊ တာဝတိံသာမှာ နေကြတဲ့နတ်တွေ၊ လူ့ဘုံလူ့လောကနှင့် ဆက်ပြီးနေတဲ့နတ်တွေပဲ။
မေးခွန်းတွေ ဖြစ်ပေါ်လာပြီး ထိုမေးခွန်းရဲ့ အဖြေကို ရှာကြတယ်။ ဖြေနိုင်မယ့် ပုဂ္ဂိုလ်ရှိမယ်ထင်တဲ့နေရာ၊ ဖြေနိုင်တဲ့
ပုဂ္ဂိုလ်လို့ ထင်တဲ့သူတွေကို မေးခွန်းတွေ မေးတယ်။ ကျေနပ်လောက်တဲ့အဖြေ မရဘူး။ နောက်ဆုံး ဒီမေးခွန်းက ဘယ်ထိ
ရောက်သွားတုန်းဆိုတော့၊ အောက်ခြေနတ်တွေ သာမန်နတ်တွေက မေးလိုက်တာ နောက်ဆုံး သိကြားမင်းကြီးထိအောင်
ဒီမေးခွန်းရောက်သွားတယ်။
သိကြားဆိုတော့ အခြားနတ်တွေထက် သူက ဥာဏ်ရည်ဥာဏ်သွေး သာတာကိုး။ သိကြားမင်းက သိတယ်၊ "ဒီမေးခွန်း
က သာမန်ပုဂ္ဂိုလ်တွေ ဖြေနိုင်တဲ့ မေးခွန်းမျိုး မဟုတ်ဘူးတဲ့၊ ဘုရားဆီ သွားမေးမှ ဖြစ်မယ်" နတ်ပရိသတ်တွေအားလုံးကို
ခေါ်ပြီး မြတ်စွာဘုရားဆီသွားပြီး မေးတာတဲ့။
သူတို့ဒီမေးခွန်းရဲ့အဖြေကို ရှာနေတာ ဘယ်လောက်ကြာတုန်းဆို ၁၂နှစ် ကြာတယ်နော်။ အဲဒီ ၁၂နှစ် ကြာတဲ့မေးခွန်း
ဟာ အကယ်၍များ ဘုရားမပွင့်ဘူးဆိုလို့ရှိရင် ဒီမေးခွန်းကြီးဟာ မေးခွန်းအနေနဲ့ပဲ ရပ်နေမှာပဲ။ အဖြေမှန်ထွက်လာမှာ မဟုတ်
ဘူး။ မြတ်စွာဘုရားဆီ ရောက်တဲ့အခါကျတော့မှ အဖြေမှန်ထွက်လာတယ်။
ဒီကနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ကြားမှာ အဖြေအနေနှင့် လူတိုင်းတော်တော်များများ ဒီမေးခွန်းရဲ့အဖြေတွေ
ကို သိနေကြတယ်။ သို့သော် ရင်ထဲမှာ မေးခွန်းရှိချင်ရှိမယ်။

မေးခွန်း - ၁
နံပါတ်(၁) မေးခွန်းက ဘာတုန်းဆိုလို့ရှိရင်၊ "လက်ဆောင်ပေးတဲ့အထဲမှာ အကောင်းဆုံးလက်ဆောင်ဆိုတာ ဘာဖြစ်
မလဲ" ဟောဒီမေးခွန်းပါပဲ။
လူတွေ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြပြီဆိုရင် ပေးကြ ကမ်းကြတယ်ဆိုတာ ရှိတယ်မဟုတ်လား။ ဒီကနေ့ခေတ်မှာ
အပေးအကမ်းတွေ ပိုတောင်များလာသေးတယ်နော်။ ပေးရ ကမ်းရတယ်ဆိုတာတွေက အများကြီးဖြစ်လာတဲ့အခါ၊ ပေးရတဲ့ 
အထဲမှာ ဘာပေးတာပိုကောင်းလဲ၊ ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းပဲ။ အဲဒီမှာ လူတွေသာမက နတ်တွေလည်းပဲ
ပေးလို့သာ သူတို့ဒီအတွေးပေါ်တာပေါ့။ နတ်တွေလည်း တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးတာမျိုး ရှိမှာပေါ့။
ပေးတာကမ်းတာကို ပါဠိစာပေမှာ "ဒါန" လို့ ပြောကြတယ်။ ဒါန ဆိုတဲ့ စကားလုံးလေးတွေ့လို့ရှိရင် ၂မျိုး မှတ်ထားဖို့
လိုတယ်။

ဒါန၂မျိုး
ဒါနဆိုတာ လှူစရာ ပစ္စည်းကိုလည်း ဒါန လို့ခေါ်တယ်။ ဒါက နံပါတ်တစ်။ နောက်တစ်ခုက အဲဒီလှူရာပစ္စည်းတွေကို
လှူစေတတ်တဲ့ စေတနာကိုလည်း ဒါန လို့ခေါ်တယ်။ ဟော၊ ဒါနဆိုတဲ့ စကားလုံးလေးမှာ ဒီလိုအဓိပ္ပာယ်နှစ်မျိုးရှိတယ်ဆိုတာ
ကိုလည်း မှတ်ထားပါ။
"ဒါနံ ဒတွာ - ဒါနကို လှူ၍" ဆိုတဲ့နေရာမှာ စေတနာကို လှူတာမဟုတ်ဘူး၊ လှူစရာပစ္စည်းကို လှူတာ၊ ဒါနံ ဒတွာ
ဆိုတဲ့စကားမှာ ဒါနံ - အလှူဒါနကို၊ ဒတွာ - ပေးလှူသောကြောင့်၊ အဲဒီစကားရပ်မျာ လှူစရာကို လှူသောကြောင့်လို့၊ ဒါန၀တ္ထု
ကို လှူသောကြောင့်လို့ ဆိုလိုတာ။ ဒါနဆိုတာ လှူစရာပစ္စည်းဝတ္ထုကို လှူသောကြောင့်လို့ ဒီလိုအဓိပ္ပာယ်ယူရမယ်။
"ဒါနတော ဘောဂ၀ါ - ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်" ဆိုတာကျတော့ အဲဒီဒါနက စေတနာကို ပြောတာ၊
ကံတရားကို ပြောတာ၊ လှူလိုက်တဲ့ လှူစေတတ်တဲ့ စေတနာစွမ်းအား ကံတရားသည် ဖြစ်လေရာဘ၀မှာ ချမ်းသာကြွယ်ဝခြင်း၊
စည်းစိမ်ဥစ္စာပေါများခြင်းဆိုတဲ့ အကျိုးကိုပေးတယ်။
ဒါကြောင့်မို့ ဒါနလို့ဆိုတဲ့နေရာမှာ စကားလုံးဆက်သွယ်မှုကို ကြည့်ပြီးတော့ ဒီဒါနရဲ့ အဓိပ္ပာယ်ကို မှတ်သားရမယ်ပေါ့။
ဒါနဆိုတာ တစ်ဦးနှင့်တစ်ဦး လက်ဆောင်အဖြစ် ပေးကြတယ်၊ ကမ်းကြတယ်။ ကိုယ့်ရှိတဲ့ ပစ္စည်းကို အများအတွက် စွန့်ကြဲ
တယ်။ အဲဒီလို ကိုယ့်ပစ္စည်း ကိုယ့်ရှိတာကို ပေးတယ် ဆိုတဲ့နေရာမှာ ပေးတာ ကမ်းတာတွေ မြောက်များစွာ အမျိုးမျိုးရှိတယ်
ပေါ့။ ငွေကြေးပေးတာ ရှိတယ်၊ ပစ္စည်းဥစ္စာပေးတာ ရှိတယ်၊ မြေပေးတာ ရှိတယ်၊ တိုက်အိမ်ပေးတာ ရှိတယ်၊ ပေးစရာတွေ
အများကြီးပေါ့။ ဘုန်းကြီးတွေကျတော့ လှူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သုံးတယ်ပေါ့။ သင်္ကန်းလှူတယ်၊ ကျောင်းလှူတယ်ပေါ့။
လှူတာက ပေးတာတွေချည်းပဲ။ အဲဒီပစ္စည်းဝတ္ထုတွေ ပေးတဲ့ အပေး လောကမှာ ရှိနေတယ်။
နောက်တစ်ခု ဘာတုန်း၊ ခုခေတ် သုံးကြတယ် မဟုတ်လား။ ပညာဒါနတဲ့၊ အသိပညာကို ပေးကြတယ်။ မသိသေးတဲ့လူကို
သိအောင် ပြောပြတယ်၊ အသိဥာဏ်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးတယ်။ ဒါလည်း ပေးတာပဲ။
ပညာပေးတယ်၊ အသိဥာဏ် ပေးတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးတယ် စသည်ဖြင့် ပေးမှုတွေများစွာရှိတဲ့အထဲမှာ
ပစ္စည်းဥစ္စာပေးတာနဲ့ အသိပညာပေးတာ ဘယ်ဟာက ကောင်းသလဲဆိုတဲ့ မေးခွန်းပဲ။ ပေးတာတွေ မြောက်များစွာရှိတဲ့ အထဲ
မှာ အတူတူပဲလား၊ ပစ္စည်းဥစ္စာပေးတာနဲ့ ပညာပေးတာ ဒီနှစ်ခုဟာ အတူတူပဲလား စဉ်းစားလာတော့ ဘယ်ဟာပိုကောင်းလဲ။
ဒါ လူ့လောကမှာ မစဉ်းစားမိဘူးပေါ့။ ကျကျနန အလေးအနက်ထားလို့ရှိရင် ဘာပေးတာဟာ ပိုကောင်းသလဲ။ ပညာပေးတာ
ဟာ ပိုကောင်းတယ်ဆိုတော့ ဘာဖြစ်လို့ ကောင်းသလဲဆိုတဲ့ နောက်မေးခွန်းတစ်ခု ထပ်တက်လာတယ်။ ကောင်းပုံကောင်းနည်း
ကျတော့ မတူပြန်ဘူးနော်။ အဲဒီတော့ ကောင်းတယ်ဆိုတာ ဘယ်ဘက်က ကြည့်တာလဲ။ ရတဲ့လူဘက်က ကြည့်တာလား၊ 
ပေးတဲ့လူဘက်က ကြည့်တာလား၊ နှစ်မျိုးကြည့်ရမယ်။
ခု ဒါနကောင်းမှုပြုနေတဲ့ ပုဂ္ဂိုလ်တွေ ကြည့်လေ။ လှူတဲ့ပုဂ္ဂိုလ်ဘက်က ကြည့်တာလား။ သို့မဟုတ် ရတဲ့ပုဂ္ဂိုလ်ဘက်က
ကြည့်တာလား၊ ကောင်းတယ်ဆိုတာ ဘယ်ဟာနဲ့ တိုင်းတာမှာလဲလို့ ဒီလိုပြောတယ်။
အဲဒီတော့ သဘောတရားတစ်ခု စဉ်းစားကြည့်။ ပေးတယ်ဆိုတာ ပေးတဲ့လူ အတွက်လား၊ ယူတဲ့လူ အတွက်လား၊
သေချာစဉ်းစားကြည့်နော်။ ပစ္စည်းတစ်ခုပေးလိုက်တယ်ဆိုရင် ဘယ်သူ့မှာ တိုက်ရိုက်အကျိုးရှိသွားသလဲ။ ပေးတဲ့သူက ပါသွား
ပြီလေ။ ယူတဲ့လူက ရတာပေါ့ မဟုတ်ဘူးလား။ ပေးတဲ့လူက ကုန်သွားတာပဲလေ။ ယူတဲ့လူက ရတာလေ။ အဲဒီတော့ ယူတဲ့လူ
အတွက် အကျိုးလား၊ ပေးတဲ့လူအတွက် အကျိုးလား။ ( ပေးတဲ့လူ အတွက်ပါ အကျိုးပါ ဘုရား )။ အေး - ဒါနဆိုတာ ပေးတဲ့သူ
အတွက် မဟုတ်ဘူး။ ယူတဲ့လူအတွက်နော်၊ ဥပမာမယ် ပစ္စည်းဥစ္စာတစ်ခု ပေးလိုက်ပြီဆိုရင် ဒီလူက သူ့ဆီက လျော့သွားပြီး၊
ဟိုလူက ရလိုက်တာ၊ ဒါလက်တွေ့ကို ပြောပြတာပါ။
အဲဒီတော့ ဒါနဆိုတာ ယူမယ့်ပုဂ္ဂိုလ်အတွက် အကျိုးပြုတဲ့ ပစ္စည်းတစ်ခုပဲ၊ အကျိုးပြုတဲ့ လုပ်ရပ်တစ်ခုပဲ။ လှူတယ်
ဆိုကတည်းက တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ပေးတာ မဟုတ်လား။ စားစရာမရှိတဲ့သူကို စားစရာပေးလိုက်တယ်။
ယူတဲ့သူက ရမသွားဘူးလား။ နေစရမရှိလို့ နေစရာပေးလိုက်တယ်။ ယူတဲ့သူ ရသွားတယ်။
အသိပညာမရှိလို့ အသိပညာပေးလိုက်တယ်။ ယူတဲ့သူ ရသွားတာပဲ။ အဲဒီတော့ ကိုယ်ပေးလိုက်တာ၊ ကိုယ့်ရဲ့ပေးခြင်း
ဟာ ပေးသူကို အကျိုးပြုသလား၊ ယူသူကို အကျိုးပြုသလားဆိုရင်၊ ယူသူကို အကျိုးပြုတာနော်။
အေး၊ တစ်ချို့ကတော့ ပြောမှာပေါ့။ လှူတာ ကုသိုလ်ရတယ်။ ကုသိုလ်ဆိုတာ အသာထားလိုက်ပါ။ ကိုယ့်ဆီက အရင်
ကုန်သွားတာတော့ သေချာတယ်။ တကယ်လက်တွေ့ ခံစားရတာကတော့ ကြည့် - လှူတဲ့သူလား၊ ယူတဲ့သူလား၊ ရတဲ့သူက
တကယ်ရသွားတာလေ။ ဒါကြောင့်မို့ ဒါနကောင်းမှုနဲ့ ပတ်သက်ပြီး ဘယ်စံနဲ့ဆုံးဖြတ်မလဲတဲ့။ ပညာပေးတာနဲ့ ပစ္စည်းဝတ္ထု
ပေးတာ ဘယ်ဟာပိုကောင်းလဲ ဆိုတာကို အဲဒီစံနှစ်ခုနဲ့ ဆုံးဖြတ်မယ်။ ကဲ - အဲဒီမေးခွန်းလေးကို နတ်တွေက မေးလိုက်ကြတာ။
အချင်းချင်းမေးလို့ အဖြေမထွက်ဘူး။ စတုမဟာရာဇ် နတ်မင်းကြီးတွေဆီ သွားမေးလည်း အဖြေမထွက်ဘူး။ သိကြားမင်း
သွားမေးတော့လည်း အဖြေမထွက်ဘူး။ အားလုံးစုပြီးတော့ ဘုရားဆီ သွားလျှောက်တဲ့အခါကျတော့ ဘုရားက အဖြေပေးလိုက်
တယ်။ ဒီစကားလုံးလေးကို အားလုံးသိတယ်။ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေလည်း သိနေကြတယ်။
"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ" တဲ့။ ဘုရားက အဖြေပေးလိုက်တဲ့ စကားလေး။ သဗ္ဗဒါနံ - အားလုံးသော ပေးမှုတွေကို
ဓမ္မဒါနံ - ဓမ္မကို ပေးခြင်းက၊ ဇိနာတိ - အနိုင်ရတယ်လို့ ပြောတာ။
ဘာပဲပေးပေး ပေးတာတွေအားလုံးကို ဘယ်ဟာက အနိုင်ရတုန်း၊ ဘယ်ဟာက အုပ်စိုးထားနိုင်တုန်းဆိုရင် ဓမ္မကို
ပေးခြင်းက အုပ်စိုးထားနိုင်တယ်လို့ ဆိုလိုတယ်။ ဓမ္မဆိုတဲ့အထဲမယ် ခုနက ပညာပေးတာလည်း ပါတယ်ပေါ့။ ဒီနေရာမှာ
"ဓမ္မဒါန" လို့ ခေါ်တယ်။ အားလုံးနားလည်နေကြတာတော့ တရားအလှူပေါ့နော်။
အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နဲနဲခွဲပြီးတော့ကြည့်၊ နံပါတ်တစ်က အာမိသဒါန - အဆောက်အဦးပဲလှူလှူ၊
စားစရာပဲလှူလှူ၊ ၀တ်စရာပဲလှူလှူ၊ ဆေးပဲလှူလှူ၊ ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို "အာမိသဒါန" လို့ခေါ်တယ်နော်။
အဲဒါက တစ်ခု။
အဲဒီလို အကောင်အထည်မရှိဘဲနဲ့ လူတစ်ယောက်ကို အသိဥာဏ်ပေးတယ်၊ ဓမ္မအသိပေးတယ်၊ လောကအသိပေးတယ်၊
အဲဒီလို အသိဥာဏ်နဲ့ ပတ်သက်တာတွေကို ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန။ "ဓမ္မဒါန" ဆိုတာ အကောင်အထည်
ကြီးရှိတာ မဟုတ်ဘူးနော်။ အသိကိုပေးတာ။ ဟိုတစ်ဖက်သားက ပစ္စည်းဝတ္ထု ရသွားတာ မဟုတ်ဘူး။ အသိဥာဏ်ပဲ ရသွားတာ။
အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ် ဆိုလို့ရှိရင်တဲ့ သဗ္ဗဒါနံ ပေးတာတွေအားလုံးကို ( ဘာပဲပေးပေး၊ ပစ္စည်းဝတ္ထုတွေ
ပေးတာတွေ၊ ပေးတာတွေ အားလုံးကို ) ဘယ်ဟာက အနိုင်ရထားတုန်း၊ ဘယ်အရာက အုပ်စီးထားတုန်းလို့ဆိုရင် ဓမ္မဒါနလို့
ခေါ်တဲ့ ဓမ္မအလှူက အနိုင်ရပါတယ်။ ပညာအလှူက အနိုင်ရပါတယ်လို့ ပြောတယ်။
နတ်တွေကတော့ မြတ်စွာဘုရား ဒီလောက်ဖြေလိုက်တာနဲ့ သူတို့ကျေနပ်သွားတယ်။ ဘုန်းကြီးတို့တစ်တွေက မကျေ
နပ်သင့်သေးဘူး။ ဘာဖြစ်လို့ ဓမ္မဒါနက ဒါနအားလုံးကို အုပ်စိုးထားနိုင်သလဲ၊ ဓမ္မဒါနက ဘာကြောင့် အမြတ်ဆုံးလဲ ဆိုတာ
ဆက်ပြီး စဉ်းစားရမယ်။ ဆက်မစဉ်းစားလို့ရှိရင် မသိနိုင်သေးဘူးနော်။

ဓမ္မဒါန အမြတ်ဆုံးဖြစ်ရခြင်း
အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ အဋ္ဌကထာဆရာက ရှင်းထားတာ အချက်နှစ်ချက် ပေးထားတယ်။ အချက်နှစ်ချက်က
ဘာလဲဆိုရင် "လောကမှာ" တဲ့၊ "လှူမှု တန်းမှု လုပ်နေကြတာတွေဟာ ဓမ္မဒါနဆိုတဲ့ အသိဥာဏ်ပေးလို့ အသိဥာဏ်ရ,ထားတဲ့
အပေါ်မှာ အခြေခံပြီးတော့ လှူကြတာ" တဲ့။
ဆိုလိုတာက တရားဓမ္မ နာယူကြရလို့ လူတွေဟာ ဒါန လုပ်နေကြတာ။ တရားမှ မနာယူရရင် ဒါန မလုပ်ဘူး။ ဒါ့ကြောင့်
ဓမ္မဒါနက ပိုပြိးတော့ အရင်းခံကျတာပေါ့။ ဒါတစ်ခု မှတ်ထားပေါ့နော်။ ဒါ အဋ္ဌကထာဆရာကြီးက ဖြေတာ။ ပစ္စည်းဝတ္ထုတွေ
ဘယ်လောက်ပဲ လှူလှူတဲ့၊ အခုလို တရားပွဲကြီးတွေ ကျင်းပပြီးတော့ အသိဥာဏ်ကို ပေးလှူလိုက်တာက၊ ဓမ္မအသိကို ပေးလှူ
လိုက်တာက ပိုပြီးကောင်းတယ်တဲ့။ ဘာဖြစ်လို့ ကောင်းတာတုန်းဆိုတော့ လူတွေဟာ တရားနာမှ သဒ္ဓါတရားတွေ ဖြစ်လာပြီး
ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု ဆိုတာတွေ လုပ်တာတဲ့။ အဲဒီတော့ ဒီဓမ္မဒါနဆိုတဲ့ ဓမ္မအသိဥာဏ်ကို ပေးလှူ
တာဟာ ဒါနအားလုံးကို ဖြစ်ပေါ်စေသည့် အတွက်ကြောင့် အကောင်းဆုံးလို့ ပြောရတယ်။
ဒါ အဋ္ဌကထာ ဆရာကြီးက ရှင်းတဲ့တစ်ချက်နော်။ ဒါဖြင့် သူရှင်းတာက အခြေခံကျတဲ့ အကြောင်းကို ရည်ရွယ်ပြောတဲ့ 
စကားတစ်ခုပဲနော်။ အခြေခံကျတယ်ဆိုတဲ့ အကြောင်းတစ်ခုပြောတာ။
နောက်အကြောင်းတစ်ခု ပေးလိုက်တာရှိသေးတယ်။ ဘာတုန်းဆိုတော့ အသိပညာ ဓမ္မဒါနလို့ ခေါ်တဲ့ တရားနာရလို့၊
တစ်ဦးတစ်ယောက်ကမှ တရားကို ရှင်းပြခြင်း ( ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော် )၊ အသိပညာပေးခြင်း မရှိဘူးဆိုရင်
ဘုရား၊ ပစ္စေကဗုဒ္ဓကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ် မရနိုင်ဘူးတဲ့။
ရှင်သာရိပုတ္တရာမထေရ်မြတ်တောင် ရှင်အဿဇိရဲ့ ဖြန့်ဝေမှု၊ ဓမ္မဒါနကို လက်ခံရရှိမှ သောတာပန်ဖြစ်တာ။ ကြည့်လေ၊
ရှင်သာရိပုတ္တရာရဲ့ အလောင်း ဥပတိဿ ပရဗိုဇ်ကြီးက အမတဆိုတဲ့ ပရဗိုဇ်ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ် လုပ်နေတယ်။ 
သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်တဲ့ သူ့ဆီက ပညာတွေက သူလိုချင်တဲ့ အကျိုးကို ပေးနိုင်စွမ်းမရှိဘူး။
ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို လှည့်လည်ပြီး ရှာရင်း စောင့်စားနေတာ အကြာကြီးပဲ။ နောက်ဆုံးကျတော့ မြတ်စွာဘုရား
ပွင့်လို့ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟော၊ တရားဟောပြီး သာသနာပြုတွေ စေလွှတ်လိုက်တဲ့နောက်မှာ ပဉ္စ၀ဂ္ဂီတွေထဲမှာ အငယ်ဆုံး
ဖြစ်တဲ့ ရှင်အဿဇိက တစ်ပတ်ပြန်ကျော့ပြီးတော့ ရာဇဂြိုဟ်ကို ရောက်လာတယ်။
အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿ ပရဗိုဇ်က သွားတွေ့တယ်။ မြင်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့ အနေ
အထားကို စိတ်ထဲမှာ ကျေနပ်သွားတယ်။ ရင်ထဲမှာ တရားရှိတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား၊ ကိုယ်ဣနြေ္ဒအမူအရာက လုံးဝ
မတူဘူး၊ ခြားနားတယ်။ အကဲခတ်တတ်တဲ့ ပုဂ္ဂိုလ်ကသိတယ်။ ရင်ထဲမှာ အေးချမ်းနေလို့ရှိရင် မျက်နှာမှာလည်း လာပြီး
အရိပ်ထိုးနေတယ်။ အေးချမ်းတယ်။ ရင်ထဲမှာ ပူနေလို့ရှိရင်လည်း မျက်နှာမှာ လာပြတယ်။ အေးချမ်းမှု ရှိမရှိ၊ တရားထူး 
တရားမြတ် ရှိမရှိ ဆိုတာ သူ့ရဲ့ အမူအရာ ကြည့်တာနဲ့ အကဲခတ်လို့ရတယ်။
ရှင်အဿဇိကို မြင်လိုက်တာနဲ့ သူ့ဆရာကြီးထက် အဆပေါင်းများစွာ သာတယ်၊ မျက်နှာအနေအထား ကြည့်လိုက်
တာနဲ့ တရားထူးတရားမြတ် ရှိရမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ်။ အဲဒီ ရှင်အဿဇိနောက် လိုက်ပြီးတော့
မေးတယ်။
"ဘယ်သူ့ကို ဦးတည်ပြီး သင်္ကန်းဝတ်တာလဲ၊ သင့်ဆရာရဲ့ အယူဝါဒက ဘာတွေလဲ" ဒါ သိချင်တာ။ ဓမ္မကို ရှယ်ယာ
လုပ်ခိုင်းတာပေါ့။ ရှင်အဿဇိက သူရဟန္တာဖြစ်နေပေမယ့်လို့ ထိုအချိန်မှာ ဓမ္မစကြာတို့၊ အနတ္တလက္ခဏသုတ်တို့လောက်ပဲ
မြတ်စွာဘုရား ဟောသေးတာနော်။ သုတ္တန်တွေ မြောက်များစွာ မထွက်သေးဘူး။ ဒါနဲ့ သူရှယ်ယာလုပ်တာ ဘာလုပ်လဲ၊
သစ္စာလေးပါးပဲ။ ဓမ္မစကြာမှာ အဓိကဟောတာ သစ္စာလေးပါးပဲ မို့လား၊ အဲဒီ သစ္စာလေးပါးကို အကျဉ်းချုံးပြီး ပြောလိုက်
တာ။ ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ
ဒီဂါထာလေးက မြန်မာနိုင်ငံမှာ အခုခေတ် ပြည်လို့ခေါ်ပြီး ရှေးတုန်းက သရေခေတ္တရာရှိ ရှေးဟောင်းဌာနတစ်ခု
မှော်စာတို့ ခင်ဘကုန်းတို့မှာ တူးဖော်ရရှိတဲ့ ပုရပိုက်မှာ ဒီဂါထာလေး ရေးထားတာ တွေ့ရတယ်။ မြန်မာပြည် ဒီဂါထာလေး
ရောက်လာတဲ့ သဘော ရှိတယ်ပေါ့။
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စယောနိရောဓော၊ ဧ၀ံဝါဒီ 
မဟာသမဏော။ မြတ်စွာဘုရားဟောတဲ့ သစ္စာတရားကို ဂါထာလေးတစ်ပုဒ်နဲ့ အကျဉ်းချုပ် ပြောလိုက်တာ။
ဆိုလိုတာက "အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေရဲ့ အကြောင်းကိုလည်း ဟောတယ်၊ အဲဒီအကြောင်းတရားတွေ
ချုပ်ငြိမ်းသွားလို့ အကျိုးတရားတွေ ချုပ်ငြိမ်းသွားတာကိုလည်း ဟောတယ်" လို့။ သြော် - အကြောင်းရှိနေလို့ အကျိုးရှိနေတယ်
အကြောင်းချုပ်ရင် အကျိုးချုပ်မယ်ဆိုတဲ့ ဒီ philosophy ကို ပြောလိုက်တာပဲနော်။ အဲဒါသိဖို့ အင်မတန် ခက်တာ၊ အဲဒါ
ပြောလိုက်တာ၊  ဒါ ရှယ်ယာ လုပ်လိုက်တာပဲ၊ သူသိတဲ့ ဓမ္မကို ပေးလိုက်တာ၊ အဲဒါ ဓမ္မဒါနလို့ ခေါ်တယ်။
အဲဒီဓမ္မဒါနကို လက်ခံရရှိလိုက်တဲ့ အခါကျတော့မှ ရှင်သာရိပုတ္တရာ မထေရ်မြတ်အလောင်း ဖြစ်တဲ့ ဥပတိဿဟာ
အသိဥာဏ်ပွင့်လင်းသွားပြီး သံသယ ကင်းသွားတယ်၊ အမြင်မှားတွေ ပျောက်သွားတယ်ဆိုတာ အမြင်မှန်ရသွားတယ်၊ "သော
တာပန် ဖြစ်တယ်ဆိုတာ အမြင်မှန်ရတာနဲ့ သံသယကင်းတာ" ဒီနှစ်ခုကို ပြောတာ။ အမြင်မှန်သွားပြီ၊ သံသယကင်းသွားပြီ။
သောတာပန်မဖြစ်သေးရင် အမြင်မမှန်သေးဘူး၊ သံသယ မကင်းသေးဘူး၊ ဓမ္မနဲ့ ပတ်သက်လို့ သောတာပန်ဖြစ်မှ အမြင်မှန်
ပြီးတော့ သံသယကင်းတာ။
ကြည့် - ရှင်အဿဇိက ဖြန့်ဝေလိုက်တဲ့ ဒီဓမ္မဒါနကို ရရှိပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထူးခြားတဲ့အသိဥာဏ်ကို
ရတယ်။ နောက်ဆုံးမှာ အဂ္ဂသာဝကဥာဏ်တွေပါရပြီး သာသနာတော်မှာ အင်မတန်မှ တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတာတဲ့။
ကဲ၊ ဒါဖြင့် ရှင်သာရိပုတ္တရာ အသိဥာဏ်တွေရသွားအောင် ဓမ္မဒါနတွေ ပေးတာက ရှင်အဿဇိ။ အဲဒီဓမ္မဒါနကြောင့်
အကျိုးဖြစ်ထွန်းသွားတာက ရှင်အဿဇိလား၊ ( ရှင်သာရိပုတ္တရာပါ ဘုရား )၊ ကဲ - လှူတဲ့လူထက် ယူတဲ့လူက အကျိုးပိုရတယ်
ဆိုတာ မှတ်ထားနော်။
ဒါနက ပေးသူအတွက် မဟုတ်ဘူး၊ယူသူအတွက်၊ ဟုတ်ကဲ့လား၊ ဒါမျက်မြင်အားဖြင့်လည်း ယူတဲ့သူက ရတာလေ။
ပေးတဲ့သူက ပါသွားပြီလေ။ ကိုယ့်ဆီကဟာ သူများပေးလိုက်တာကိုး၊ ယူတဲ့သူကရတာ သေချာတာပေါ့။ ကုသိုလ်ရတာတွေ
ဘာတွေ အသာထားနော်။
အေး - ဒါနဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်းတာထက်၊ ယူသူအတွက် အကျိုးဖြစ်ထွန်းတာကို စံထားပြီး၊ မြတ်စွာ
ဘုရားက အဖြေထုတ်တာ။
ဘာ့ကြောင့် ဓမ္မဒါနက မြတ်သလဲလို့ မေးလိုက်လို့ရှိရင် ဥပမာမယ် - ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံ
လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင်၊ မစုတ်ခင်လေးပဲ ၀တ်လို့ရမှာပေါ့၊ ဟုတ်ရဲ့လား၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်း
ပဲ၊ တစ်ရက်စာပဲ ရမှာပေါ့။ ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိမယ်။ သင်္ကန်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိတယ်။
အဆောက်အဦး လှူလိုက်မယ်ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ်၊ ဓမ္မဒါနကြောင့် ဓမ္မကို ရသွား
တဲ့အခါ အကျိုးပြုတာကျတော့ သံသရာဝဋ်ကလည်း လွတ်သွားတယ်။ အသိဥုာဏ်လည်း ရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း
ရောက်သွားတယ်ဆိုတော့ ဘယ်က အကျိုးတွေများတုန်း၊ ( ဓမ္မကို လှူတာက များတယ် ) ဒါကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ 
ဇိနာတိ လို့ ဒီလိုပြောတာနော်။
အဲဒီတော့ လှူသူနဲ့ ယူသူ၊ ပေးသူနှင့်ရသူ၊ အဲဒီနှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့ အကျိုးဖြစ်ထွန်းသည့်အတွက်ကြောင့်
ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။ နှိုင်းစာလို့ မရဘူးနော်။
ဆိုပါစို့ - ဘုန်းကြီးတစ်ပါးကို ကျောင်းကြီးဆောက်လှူလိုက်မယ်၊ ဒီဘုန်းကြီးကတော့ ကျောင်းပေါ်မှာ ချမ်းချမ်းသာသာ
နေရမယ်၊ ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မဂ်ဖိုလ် ရနိုင်ပါ့မလား၊ မရနိုင်ဘူး။ အဲဒီဘုန်းကြီးကို တရားပြလို့
ဓမ္မဒါန အလှူလှူလိုက်လို့ အဲဒီဘုန်းကြီး တရားသိသွားလို့ရှိရင် သံသရာဝဋ်က လွတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလား ( ဖြစ်နိုင်
ပါတယ် ဘုရား )၊ ဒါကြောင့် ဓမ္မဒါနက မြတ်တယ်လို့ ပြောတာ။
အဋ္ဌကထာဆရာကြီးက အကြောင်းနှစ်ခုပြတဲ့ အထဲမယ် ခု ဒုတိယအကြောင်းက ပိုပြီးတော့ သဘာဝနှင့် ပိုနီးစပ်တယ်။
ဟုတ်ရဲ့လား၊ ဒါ့ကြောင့်မို့ လူတိုင်း သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ဒါနအားလုံးမှာ ဓမ္မဒါနဟာ အမြတ်ဆုံးလို့ ပြောနေကြတယ်။
ဘာကြောင့် မြတ်သလဲဆိုတာ စဉ်းစားမယ်ဆိုရင် ပေးသူနှင့်ယူသူမှာ၊ ယူသူမှာ အကျိုးတွေ အတိုင်းအဆမရှိလောက်အောင်
များပြားလို့ မြတ်တယ်လို့ ပြောရတာ။ ဟော အကျိုးအမြတ်ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ။
အဲဒီတော့ မြတ်စွာဘုရား ဟောတဲ့တရားက တကယ်ကို reasonable ဖြစ်တယ်။ အကြောင်းအကျိုး အင်မတန်မှ ဆီလျော်
တယ်။ ဘယ်လိုလှည့်ပြီးတွက်တွက် ဘုရားတရားက လုံးဝမမှားဘူး၊ လုံးဝကျေနပ်စရာကောင်းတယ်။ ဘယ်ဘက်ကကြည့်ကြည့်
ဘုရားတရားမှာ လိုသွားတယ်ဆိုတာ မရှိဘူး။
ကြည့် - ဓမ္မဒါနက ဒါနအားလုံးထက် မြတ်တယ်ဆိုတာ ဟုတ်တာပေါ့၊ ကျန်တဲ့ဒါနတွေ ခံစားပြီး နိဗ္ဗာန်ရတယ်လို့မှ မရှိ
တာ။ ကျန်တဲ့ဒါနကို ခံစားသုံးဆောင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီခံစားသုံးဆောင်မှုကို အကြောင်းပြုပြီး နိဗ္ဗာန်ရတယ်လို့
ရှိပါ့မလား၊ အေး - ဓမ္မကို ရလိုက်ပြီဆိုရင်တော့ နိဗ္ဗာန်ရတာ သေချာသွားပြီ။
ဘုရားဟောတဲ့တရားဟာ အရင်းကျကျဟောတာချည်းပဲ။ ဘယ်ဘက်က လှည့်တွေးတွေး မြတ်စွာဘုရားတရားတော်က
အင်မတန်မှ ကျေနပ်စရာရှိတယ်။ လစ်ဟင်းသွားတယ်၊ ဟာသွားတယ်၊ ပြောစရာတွေ ဖြစ်သွားတယ် ဆိုတာ မရှိဘူး။ ကိုယ်မသိ
သေးရင်တော့ ဒါလေးတော့ လိုနေတယ်လို့ ထင်ကောင်းထင်မယ်၊ ဟော ကြည့် - မြတ်စွာဘုရားက အဖြေလေးပေးလိုက်တာ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ "သဗ္ဗဒါနံ - ပေးတာတွေအားလုံးကို၊ ဘာပဲပေးပေး တစ်ဦးတစ်ယောက်ကနေပြီး လက်ဆောင်ပဲ
ပေးပေး၊ ပစ္စည်းတွေပဲပေးပေး၊ ပေးချင်တာတွေပေး၊ ပေးစရာအားလုံးကို၊ ဓမ္မဒါနံ - ဓမ္မကို ပေးလှူခြင်းကသာလျှင်၊ ဇိနာတိ -
အုပ်စိုးထားနိုင်တယ်" လို့ ဒီလိုဟောတာ။
ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုးအမြတ်ရှုထောင့်က ဟောတာ။ တန်ဖိုးကို ဘယ်ကနေကြည့်ဖြတ်တုန်း
ဆိုရင် အကျိုးအမြတ်ကနေ ကြည့်ဖြတ်တယ်။ ရွှေကို တန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊ စိန်ကိုတန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊
ဟော တန်ဖိုးဖြတ်ပုံခြင်းက မတူဘူးနော်၊ အခုဟာ လက်ခံရရှိသူမှာ ရလိုက်တဲ့ အကျိုးနှင့်ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့။ ပေးတဲ့
လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်။ လက်ခံရရှိတဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့ အကျိုးကိုကြည့်ပြီး တန်ဖိုးဖြတ်လိုက်တယ်လို့ ဒီလို
မှတ်ရမယ်။ အဲဒါမေးခွန်း တစ်ပုဒ် ရှင်းသွားပြီနော်။

မေးခွန်း - ၂
နောက်ထပ် မေးခွန်းတွေ ဆက်မေးတယ်၊ ဘာမေးလဲဆိုတော့ လူတွေမှာ စိတ်ထဲက ခံစားချက်ကလေးတွေ ရှိတယ်။
ခံစားချက်အမျိုးမျိုးတွေ ရှိကြတယ်။ နှစ်သက်စရာ၊ ကျေနပ်စရာ၊ ၀မ်းမြောက်စရာ အဲဒီခံစားချက်တွေ အရသာခံကြတယ်။ "ခံစား
ချက် အရသာတွေထဲမှာ ဘယ်ခံစားချက် အရသာဟာ အကောင်းဆုံးလဲ"၊ လူတွေမှ မဟုတ်ဘူး၊ နတ်တွေမှာလည်း ခံစားချက်
ရှိတာပဲ၊ ရသလို့ ခေါ်တယ်၊ ရသဆိုတာ ကျေနပ်စရာ၊ နှစ်သက်စရာ "ရသိယတေ အဿာဒိယတေတိ ရသော" လို့ဆိုတယ်၊
စိတ်ထဲမှာ ကျေနပ်စရာပါ။
စာပေကျမ်းဂန်မှာ ရသနှင့် ပတ်သက်ပြီးတော့ ကိုးမျိုး ထုတ်ပြထားတာရှိတယ်။ လူတွေဟာ ရီတဲ့အခါရော အရသာ မရှိ
ဘူးလား ( ရှိပါတယ် ဘုရား )၊ အေး - ဟာသရသပဲ၊ လူတွေက ရီစရာ မောစရာလေးပြောမှ၊ ရီရတယ်ဆိုရင် အရသာခံတယ်၊ 
တစ်ချို့ တရားသွားနာတာ ဘာလို့လဲ၊ ရီရလို့တဲ့၊ အဲဒီလိုပြောတဲ့သူက ရှိသေးတယ်။ တရားနာမှ ရီရမှာ မဟုတ်ပါဘူး။ လူရွှင်
တော်တွေ ပြောတာ သွားနားထောင်ရင်လည်း ရီရတာပါပဲနော်။ အေး - တဟားဟားနဲ့ ရီရရင် လူတွေကလည်း ကျေနပ်နေ
တာပေါ့။ အဲဒါလည်း ရသတစ်မျိုးပဲ။
နောက်ပြီးတော့တစ်ဦးနှင့်တစ်ဦး နှစ်သက်ပြီးတော့ ခင်မင်ကြတယ်၊ ချစ်ကြိုးသွယ်ကြတယ်၊ ဒါကော ရသမဟုတ်ဘူးလား၊
အဲဒါလည်း ရသတစ်မျိုးပဲ၊ ခင်ကြတယ်၊ မင်ကြတယ်၊ သံယောဇဉ် ဖြစ်ကြတယ်၊ ဒါလည်း ရသတစ်မျိုးပဲ၊ အဲဒါကို "သိင်္ဂါရရသ
လို့ခေါ်တယ်။
နောက်ပြီးတော့ ရသတစ်မျိုးရှိသေးတယ်။ ဆင်းရဲဒုက္ခ ကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သနားလိုက်တာလို့ ရင်လေးမမ
ပြီးတော့ ပြောကြတယ်။ သနားလိုက်တာ သနားလိုက်တာနဲ့၊ ပွဲကြည့်ပြီးတော့ မျက်ရည်ကျတဲ့လူတောင် ရှိသေးတယ်နော်။
ရှေးတုန်းက ဇာတ်ခင်းတဲ့အထဲ ပုဏ္ဏားက မင်းသား မင်းသမီးကို နှိပ်စက်ရင် အဲဒါကို လူတွေက သဘောတွေကျလို့၊
အဲဒါလည်း အရသာခံတာပဲ။ ခုခေတ်တော့ အဲဒီအရသာ မခံရတော့ဘူးထင်တယ်။ ကိုရီးယားဇာတ်ကား ကြည့်ပြီးတော့ အရသာ
ခံတယ်။ "ကရုဏာရသ" လို့ခေါ်တယ်။ သနားစရာ ဝေဿန္တရာဇာတ်တော်ဆိုရင် ကဏှာ ဇာလီ သားသမီးတွေ လှူလိုက်တဲ့
အခါ မယ်မဒီ မိဖုရားက တစ်ခါတည်း မေ့မျောသွားတာ။ ဒါတွေကြည့်ပြီး သနားတယ်ပေါ့နော်၊ အဲဒီသနားတဲ့ စိတ်ကလေး
ပေါ်တာလည်း ရသတစ်ခုပဲ။
နောက် ဇာတ်လမ်းတွေထဲမှာကြည့် - ကြမ်းကြမ်းတမ်းတမ်း ကြမ်းပြတဲ့ လူကြမ်းဆိုတာ မပါဘူးလား၊ အေး - လူကြမ်းက
ကြမ်းပြတာကိုလည်း လူတွေက ကြိုက်တယ်၊ ထိုးလားကြိတ်လား၊ တစ်ချိန်တုန်းက "ကျန်ကျောင်း" ခေတ်စားလိုက်သေးတယ်
ပေါ့၊ ဟုတ်ရဲ့လား၊ အဲဒီလို ကြမ်းပြတာတွေကိုလည်း လူတွေက ကြိုက်တယ်၊ ဒါလည်း ရသတစ်ခုပဲ။
နောက် ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်း၊ လူတွေကြောက်စရာကို သူက မကြောက်ဘူး၊ သတ္တိအင်မတန်ကောင်းတယ်၊
သူရဲကောင်းကို ပြလို့ရှိရင်လည်းပဲ သတ္တိရှိတာတွေ ပြလို့ရှိရင်လည်း လူတွေက သဘောကျတယ်၊ စိတ်ထဲမှာ ခံစားရတယ်။
"၀ီရရသ" ပဲ။
ရွံ့စရာတွေ တွေ့လို့ရှိရင်လည်း သူက ရသတစ်မျိုးပဲ၊ နောက် အံ့သြစရာတွေ တွေ့လို့ရှိရင်လည်း ရသတစ်မျိုးပဲ၊
ကြောက်စရာတွေကလည်း ရသတစ်မျိုးပဲ၊ တစ္ဆေပုံပြင်ဆိုရင် သိပ်နားထောင်လို့ကောင်းတာ။ သို့သော် တစ္ဆေပုံပြင် ပြောရင်း
ပြောရင်းနဲ့ ပြောတဲ့လူရှေ့ တိုးလာတယ်၊ လူကြားထဲ ၀င်လာတယ်၊ နောက်ကြောမလုံဘူး။ အဲဒီနောက်ကြော မလုံတာလေးကိုပဲ
တစ်မျိုး အရသာရှိတယ်။
လူတွေမှာ အဲလိုရသတွေဆိုတာ လူ့လောကမျာ မြောက်များစွာ ရှိတယ်တဲ့။ ဒီပြင်ရသတွေ အသာထား၊ စိတ်ထဲမှာ
ခံစားရတဲ့ရသ - ဟိုထမင်းဆိုင်က ကောင်းတယ်၊ ဒီထမင်းဆိုင်က အချက်ကောင်းတယ်ဆိုတဲ့ ရသတွေ၊ ကဲ ထားလိုက်တော့။
"လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊ ဘယ်အရသာဟာ အကောင်းဆုံးလဲ"
ဆိုတဲ့ မေးခွန်းတစ်ခု မေးလာတယ်။
မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကို ဖြေပေးလိုက်တာကတော့ "သဗ္ဗရသံ ဓမ္မရသော ဇိနာတိ" ဒါလေးကို
မှတ်ထားပေါ့၊ သဗ္ဗရသံ - ခံစားရတဲ့ အရသာမှန်သမျှကို၊ ဓမ္မရသော - ဓမ္မနဲ့ ပတ်သက်တဲ့ အရသာကသာလျှင်၊ ဇိနာတိ
အနိုင်ရတယ်။
ဘာဖြစ်လို့တုန်းဆိုတော့ ကျန်တဲ့ရသတွေရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေ၊ ပူလောင်မှုတွေ အများကြီး ပါလာတယ်။
ငြိမ်းချမ်းမှုဆိုတာ မရှိဘူး။ သနားတဲ့အချိန်မှာလည်း ရင်နာတာပဲ၊ ရီလာလို့ ရှိရင်လည်း ကြာတော့ မောလာတာပဲ၊ ခုနက ရသ
တွေဟာ သေချာကြည့်မယ် ဆိုလို့ရှိရင် အဆုံးထိအောင် မကောင်းဘူး၊ ကြာရှည်လည်း မကောင်းဘူး။
တရားကို အာရုံပြုပြီး၊ တရားနဲ့ ပတ်သက်ပြီး သဘာဝ တရားလေးတွေ စဉ်းစားလို့ စိတ်ထဲမှာကြည်နူးလာတယ်၊ 
ကမ္မဋ္ဌာန်းထိုင်လိုက်ရလို့ သမာဓိစွမ်းအားတွေ ကောင်းလာလို့ စိတ်ထဲမှာ ကြည်နူးလာတယ်၊ သင်္ခါရတရားတွေ ချုပ်ငြိမ်းသွား
ပြီး နိဗ္ဗာန်အငြိမ်းဓာတ်ကြီးကို အာရုံပြုရလို့ စိတ်ထဲမှာ ချုပ်ငြိမ်းချမ်းသွားတယ်၊ အဲဒီရသမှာ အရှုပ်အထွေး တစ်ခုမှ မပါဘူး။
ဘယ်လိုမှ အားရတင်းတိမ်ခြင်းမရှိနိုင်တဲ့ အမြဲတမ်းပဲ ခံစားချင်တဲ့ ဒီလိုဓမ္မရသမျိုးကသာလျှင် ကျန်တဲ့ရသတွေအားလုံးကို
သိမ်းချုပ်ပြီးတော့ အနိုင်ရပါတယ်ဆိုတော့ ဓမ္မရသဟာ အကောင်းဆုံးလို့ ဒီလိုပြောတာပါ။
ဓမ္မရသကောင်းလို့ ပွဲသွားမကြည့်ပဲနဲ့ တရားပွဲ ရောက်လာတာ၊ ဓမ္မရသကောင်းလို့ အပျော်အပါးတွေ မလိုက်စားပဲနဲ့
ရိပ်သာသွားပြီး တရားအားထုတ်တာ၊ ဟုတ်ကဲ့လား။ သာမန်ပုဂ္ဂိုလ်တွေက ကြည့်မယ်ဆိုရင် "ဒီလူတွေ ဘာလုပ်နေတုန်း၊ ငုတ်
တုတ်ကြီး ထိုင်နေတယ်၊ ဘာများ အရသာရှိပါလိမ့်" လို့ ထင်ကောင်းထင်နေလိမ့်မယ်၊ သူ့မှာလည်း အရသာ ရှိနေတာပဲ၊ ဟုတ်
ကဲ့လား။
အဲဒီ ဓမ္မရသဆိုတာကျတော့ တကယ့်ကို မဂ်ဖိုလ်နိဗ္ဗာန်အဆင့် ရောက်သွားပြီဆိုတဲ့အခါ လုံးဝငြိမ်းချမ်းသွားတယ်။
ပဋာစာရီတို့ကြည့်၊ သောက အပူမီးတွေနဲ့ ရူးသွားတဲ့အဆင့်၊ သောကုမ္မတ္တက ဆိုတဲ့ အရူးဘ၀ရောက်သွားတဲ့ အချိန်ထိအောင်
သတိလက်လွတ် ဖြစ်သွားတယ်၊ ဓမ္မရသနဲ့ တွေ့လိုက်တဲ့အခါကျတော့ ပဋာစာရီဟာ အရူးပျောက်ပြီးတော့ ထာဝရငြိမ်းတဲ့
အငြိမ်းဓာတ်ကို တွေ့သွားတာ မဟုတ်လား။
ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက သောကရောက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း သောကပြေပျောက်သွားကြတယ်။ အဲဒါ ဓမ္မရသ
ပဲ။ ဒီကနေ့ခေတ်မှာလည်း မိမိတို့ စွမ်းအားသတ္တိရှိသလောက် တရားဓမ္မကို နှလုံးသွင်းကြလို့ သောကတွေကို ကျော်လွှားနိုင်
ကြတယ်။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ရင်ထဲက အပူတွေကို ဖယ်ရှားပစ်နိုင်တဲ့ တရားဟာ ဒီတရားပဲလို့ ပြောတယ်နော်။
ဒီဓမ္မဆိုတာ ဘာတွေတုန်းဆိုတော့ ကိုယ့်ရင်ထဲမှာရှိပြီး ကြီးပွားလာအောင် လုပ်ရတဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယတရား
တွေပဲ။ ဗောဓိပက္ခိယ ဆိုလို့ ဒီတရားတွေက ရိပ်သာမှာ ရှိတယ်လို့ သွားပြီးမအောက်မေ့နဲ့၊ လေ့ကျင့်ယူလို့ရှိရင် ကိုယ့်ရင်ထဲမှာ
ရမယ့် တရားတွေပေါ့။
သတိပဋ္ဌာန်မှာ သတိကို မွေးမြူပြီးတော့ ကာယပေါ်မှာ လေ့ကျင့်ယူတယ်၊ ထွက်လေ ၀င်လေပေါ်မှာ အာရုံစိုက်ပြီးတော့
လေ့ကျင့်ယူတယ် - ကာယာနုပဿနာ၊ ကိုယ့်ရဲ့ခံစားမှုလေးပေါ်မှာ အာရုံစိုက်ပြီးတော့ လေ့ကျင့်ယူတယ် - ဝေဒနာနုပဿနာ၊
ကိုယ့်ရဲ့စိတ်အခြေအနေလေးပေါ်မှာ လေ့ကျင့်ယူတယ် - စိတ္တာနုပဿနာ၊ ကျန်တဲ့ သဘာဝတရားတွေပေါ်မှာ လေ့ကျင့်ယူ
တယ် - ဓမ္မာနုပဿနာ၊ အဲဒီလို သတိထားတတ်လာပြီဆိုရင် သတိနဲ့ဥာဏ်က သိသိလာတယ်။ သိလာသည့်အတွက်ကြောင့်
ဘယ်ဟာအမှန် ဘယ်ဟာအမှား၊ ဘယ်ဟာက အကောင်း၊ ဘယ်ဟာက အဆိုးဆိုတာ ကွဲကွဲပြားပြားကြီး သိလာတယ်။ ဒါမှ
အရသာတွေကို ပြည့်ပြည့်၀၀ ခံစားနိုင်ကြတယ်။
ဓမ္မအရသာတွေကို ခံစားပြီ ဆိုလို့ရှိရင် မြတ်စွာဘုရားက ဟောတယ်လေ - "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ
သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ၊ ဒုက္ခ - ဒေါမနဿာနံ အတ္တင်္ဂမာယ ဉာယဿ အဓိကမာယ"
ကြည့် - ရင်ထဲမှာ ပူနေတဲ့ သောက၊ ပူတာကို မခံနိုင်လို့ မျက်ရည်ကျရတာ ပရိဒေ၀၊ အဲဒါတွေကို ငြိမ်းသွားစေနိုင်တာ ဟောဒီ
ဓမ္မပဲ။ ဒါ့ကြောင့်မို့လို့ ဓမ္မရသဟာ ကောင်းတယ်လို့ ပြောတာနော်။ ကျန်တဲ့နည်းနဲ့ ငြိမ်းလို့မရဘူး။ ဒုက္ခ ဒေါမနဿ - ကိုယ်
ဆင်းရဲမှုဆိုတဲ့ အပူတွေကိုလည်းပဲ ဟောဒီဓမ္မက ငြိမ်းစေနိုင်တယ်တဲ့။ ဒါ့ကြောင့်မို့ ဓမ္မရသသည် ကျန်တဲ့အရသာတွေ အားလုံး
ကို လွှမ်းခြုံထားနိုင်ပါတယ်လို့ ပြောတာ။ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက "သဗ္ဗရသံ ဓမ္မရသော ဇိနာတိ" ဆိုတဲ့ ဒီအဖြေ
ကို ပေးတာ။

မေးခွန်း - ၃
ကဲ - နောက်တစ်ခု။ သူတို့က အမေးတစ်ခု တက်လာပြန်တယ်။ လောက လူတွေဟာ စိတ်ရဲ့ပျော်မွေ့ရာတွေ ရှိကြတယ်။
စိတ်ရဲ့ ပျော်မွေ့ရာမှာ လူတွေဟာ ဘာနဲ့ ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့ပုဂ္ဂိုလ်က သားသမီးနဲ့ ပျော်တယ်၊ ပစ္စည်းရှိတဲ့
ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာအာရုံတွေနဲ့ ပျော်တယ်၊ လောကမှာ ပျော်စရာတွေ အမျိုးမျိုးရှိတယ် မဟုတ်လား၊
လူတွေက တစ်ခုရိုးသွားရင် နောက်တစ်ခုရှာပြီး ပျော်ကြတာပဲ။ ပျော်စရာ အမျိုးမျိုးရှာတယ်။ မျက်စေ့ကကြည့်ပြီး ပျော်စရာရှာ
တယ်။ နားက နားထောင်ပြီး ပျော်စရာရှာတယ်၊ မျက်စေ့ကြည့်ရတာ ညောင်းလို့ရှိရင် နားက နားထောင်တယ်၊ လူတွေက 
အမြဲတမ်း ပျော်စရာလေးနဲ့ နေတယ်။
ဘုန်းကြီးတို့ စင်္ကာပူသွားတော့ ကောင်လေးတွေ ကောင်မလေးတွေ ဘာလုပ်လဲဆိုတော့ နားမှာ ကြိုးကလေးတွေ
လှမ်းလှမ်းတွေ့တယ်၊ MP3 သီချင်းခွေလေးတွေ နားထဲမှာ နားကြပ်ကလေးတွေ ထည့်ထည့်ပြီးတော့ အဲဒါနဲ့ပဲ ပျော်နေတာ၊
ဒီအတိုင်း မနေနိုင်ဘူး။ လူက ပျော်စရာလေးနဲ့မှ နေနိုင်တာ။
တစ်ခါတုန်းက ဂျာမနီသွားတုန်းကဆိုရင် ရထားပေါ်မှာ ဂျာမန်ကြီးတစ်ယောက် နားထဲမှာ နားကြပ်ကလေးထည့်ပြီး
တစ်ကိုယ်လုံးကို ရှိတ်ဆွဲနေလိုက်တာ မပြောနဲ့တော့၊ ဘေးက လူတွေကိုလည်း မကြည့်အားဘူး၊ သူ့တစ်ကိုယ်လုံး လှုပ်နေတာ
ပဲ၊ ဘာသီချင်းမှန်းတော့ မသိဘူး၊ သူ့ရဲ့ခံစားချက်ကတော့ အပြည့်ပဲနော်။
အဲဒီတော့ "လောကမှာ ပျော်စရာအမျိုးမျိုးနဲ့ လူတွေဟာ ပျော်နေကြတယ်၊ အဲဒီပျော်စရာအမျိုးမျိုးထဲမှာ ဘယ်ပျော်စရာ
က အကောင်းဆုံးလဲ" ဆိုတာကို မြတ်စွာဘုရားကို မေးတယ်။
သူတို့နတ်ပြည်မှာလည်းပဲ ဥယျာဉ်တွေ လှည့်ပတ်ကြည့်လို့၊ နတ်ဆိုင်းတွေတီးလို့၊ နတ်ဂီတတွေနဲ့ ဒီလိုပျော်ကြတာ
တွေရှိတယ်။ ဒါတွေက နောက်ကျ ငြီးငွေ့သွားတယ်၊ အသံဗလံတွေဆိုတာ ကြာလာတဲ့အခါကျ ငြီးငွေ့သွားတယ်။ ထာဝရ ပျော်
မနေနိုင်ဘူး။ အဲဒီတော့ ပျော်စရာတွေထဲမှာ သူတို့တွေ့နေတဲ့ ခံစားနေရတဲ့ ပျော်ရွှင်မှုတွေဟာ ငြီးငွေ့တယ်တဲ့၊ မပျော်နိုင်ဘူးပေါ့
ဘုန်းကြီးတို့ ၂၀၀၃ ခုနှစ်က ဂျာမနီကိုသွားတဲ့အခါ ဂျာမနီက ဘာလင်မြို့။ အခုတော့ အရှေ့ဘာလင် အနောက်ဘာလင်
ပေါင်းသွားပြီပေါ့လေ။ ဘာလင်မြို့မှာ အင်မတန်ကြီးကျယ်တဲ့ ပွဲကြီးတစ်ပွဲ ကျင်းပတာနဲ့သွားပြီးဆုံတယ်။ ဇွန်လထဲမှာ အဲဒီပွဲ
ကြီး ကျင်းပတယ်။ ပွဲနာမည် ဘာခေါ်တုန်းဆိုတော့ Love parade "ချစ်သူတို့ ချီတက်ပွဲ" ဆိုတဲ့ အဓိပ္ပာယ်ပဲ။ Love parade ဆို
တဲ့ပွဲ။ ဥရောပနိုင်ငံတွေက အနယ်နယ်အရပ်ရပ်ကလာကြတယ်။ လေယာဉ်ပျံနဲ့လာတယ်၊ ရထားနဲ့လာတယ်၊ ကားနဲ့လာတယ်၊
ရထားတွေဆို လူပြည့်ညှပ်နေတာပဲ၊ လေယာဉ်ပျံဆို လက်မှတ်ဝယ်ဖို့ မလွယ်ဘူး။ အဲဒီအချိန်မှာ ဘာလင်မြို့ကို စုလာကြတယ်၊
လူသန်းချီပြီးတော့ တက်တယ်။ တယ်လီဗီးရှင်းကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ Love parade ဆိုတဲ့ပွဲမှာ ပျော်လိုက်ကြတာ၊
သီချင်းဆိုတဲ့သူက ဆို၊ ခုန်တဲ့သူက ခုန်၊ ပေါက်တဲ့သူက ပေါက်။ အဲဒီမှာ ပျော်လိုက် ရွှင်လိုက်ကြတာ။ အဲဒီမှာ အဲဒီလိုပျော်ရွှင်မှု
မျိုးတွေ လောကမှာရှာပြီး ပိုက်ဆံအကုန်ခံပြီး လာပျော်ကြတယ်။
ပျော်စရာတွေက ဒါတင်မကဘူး။ ဘောလုံးဝါသနာပါတဲ့လူက ဘောလုံးပွဲကြည့်ပြီး ပျော်တာပဲနော်။ အမျိုးကို စုံနေတာပေါ့၊
အဲဒိလို လောကမှာ စိတ်ရဲ့ပျော်ရွှင်စရာတွေကို ရှာပြီး ပျော်ကြတာတွေထဲမှ ဘယ်ဟာကို ပျော်တာက ကောင်းသလဲဆိုတာကို
မြတ်စွာဘုရားကို မေးတာ။
မြတ်စွာဘုရားက ဖြေလိုက်တယ်။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိသဗ္ဗရတိံ - လောကမှာ ပျော်စရာတွေ မှန်သမျှကို
ဓမ္မရတိ - ဓမ္မနဲ့ မွေ့လျော် ပျော်ပိုက်ခြင်းကသာ၊ ဇိနာတိ - အနိုင်ရတယ်။
ဓမ္မရတိ လို့ဆိုတဲ့ ဓမ္မနဲ့ပျော်မွေ့ခြင်းက အလွန်ငြိမ်းချမ်းတယ်ပေါ့။ ဓမ္မနဲ့ပျော်မွေ့တဲ့ နောက်ကွယ်မှာ သောကလည်း
မလာဘူး၊ ပင်ပန်းနွမ်းနယ်တာတွေလည်း မလာဘူး။ ခုနက Love parade မှာပျော်တဲ့လူတွေက နောက်တစ်ရက်ကျတော့ သွား
ရော၊ ဓမ္မနဲ့ပျော်တဲ့ပုဂ္ဂိုလ်က အဲဒီလိုမဟုတ်ဘူးတဲ့။ ခုခေတ်မှာတောင် တစ်ချို့ရှိပါတယ်၊ တရားမှတ်ကောင်းနေတယ်၊ တစ်ညလုံး
မအိပ်ဘူးတဲ့၊ နောက်တစ်ရက်လည်း လန်းလနးဆန်းဆန်းပဲ၊ တရားမှတ်လို့ သမာဓိတွေ ကောင်းတယ်၊ နောက်တစ်ရက်လည်း
လန်းလန်းဆန်းဆန်းပဲ။ ငြီးငွေ့တာတို့ အိပ်ချင်တာတို့ - ဒါမျိုးတွေ မရှိဘူးတဲ့။ တရားမှတ်လို့ကောင်းနေတဲ့ ပုဂ္ဂိုလ်တွေ ဓမ္မနှင့်
ပျော်တာဟာ နောက်ဆက်တွဲ ဘာမှ အပူအပင်တွေ မလာဘူးတဲ့။ ဒါ့ကြောင့်မို့ "ဓမ္မရတိ" ဟာ အကောင်းဆုံးပဲလို့ မြတ်စွာ
ဘုရားက ဟောတာနော်။

မေးခွန်း - ၎
နောက်ဆုံး မေးခွန်းလေးတစ်ခု သူတို့က မေးကြတယ်။ လောကမှာ ကုန်အောင်လုပ်စရာတွေ အများကြီးရှိတယ်။ အဲဒီ
ကုန်အောင်လုပ်တဲ့အထဲမယ် ဘာကုန်တာ ကောင်းသလဲပေါ့။ သူတို့မေးတဲ့ မေးခွန်းကတော့ "တဏှာကုန်တာဟာ ဘာလို့
ကောင်းတာလဲ"၊ မြတ်စွာဘုရားက တဏှာကို ကုန်အောင်လုပ်ရမယ်လို့ သိကြားမင်းကြီးလာတုန်းက တဏှာသင်္ခယ သုတ္တန်
ဆိုတာ ဟောလိုက်တယ်။ အားလုံးပရိသတ်လည်း သိတယ်နော်။ ဒုက္ခသမုဒယဆိုတာ တဏှာကို ပြောတာနော်။ လူတွေမလိုချင်
တာ ဘာတုန်း၊ ဒုက္ခ၊ အဲဒီမလိုချင်တဲ့ ဒုက္ခကို ထုတ်လုပ်နေတာ ဘယ်သူတုန်းဆိုရင် တဏှာ၊ အဲဒီတော့ ဒီမေးခွန်းကို မေးတယ်။
ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်။ သူတို့မေးတာ ဒီလိုလည်း ဖြစ်နိုင်တယ်။ "ကုန်စရာတွေထဲမှာ တဏှာကုန်တာ ဘာလို့
ကောင်းတာလဲ"၊ လောကမှာ ပစ္စည်းဥစ္စာတွေ ကုန်သွားတာရှိတယ်၊ ကုန်တာတွေ အကုန်လုံးကုန်ကြတောတွေ ရှိတာပဲ။ အဲဒီ
ကုန်သွားတဲ့အထဲမှာ အကောင်းဆုံးကုန်ခြင်းက ဘာလဲ၊ ဘာ့ကြောင့်ကောင်းသလဲ ဆိုတဲ့ မေးခွန်းကို မေးတာဖြစ်တယ်။
မြတ်စွာဘုရားက တဏှာက္ခယော သဗ္ဗဒုက္ခ့ ဇိနာတိတဏှာက္ခယော - တွယ်တာမှု ဆိုတဲ့တဏှာကုန်ခမ်းသွားခြင်း
သည် ( တဏှာက္ခယ ဆိုတာ တခြားကို ပြောတာမဟုတ်ဘူး၊ အရဟတ္တမဂ်နှင့် အရဟတ္တဖိုလ်ကို ပြောတာ ) တဏှာက ဘယ်မှာ
ကုန်သလဲ၊ ဘာနဲ့မှ ကုန်သလဲဆိုရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရမှ ကုန်မယ်၊ အရဟတ္တမဂ်ကသာလျှင် တဏှာကို အားလုံး
ဖယ်ရှားပစ်နိုင်တယ်။ ဒါ့ကြောင့်မို့လို့ အရဟတ္တမဂ်ရယ် အရဟတ္တဖိုလ်ရယ်ဆိုတဲ့ အမြင့်ဆုံးဓမ္မ ဒီနှစ်ခုကို တဏှာက္ခယ လို့
ခေါ်တယ်နော်။
အဲဒီ တဏှာက္ခယ လို့ဆိုတဲ့ တဏှာကုန်ဆုံးမှု၊ အတွယ်အတာကုန်ဆုံးမှုဟာ ဘာကြောင့်အကောင်းဆုံးလို့ ပြောရသလဲ
ဆိုရင် မြတ်စွာဘုရားက သဗ္ဗဒုက္ခံ ဖိနာတိ တဲ့။ ဒုက္ခတွေအားလုံးကို အနိုင်ရလိုက်လို့ပါတဲ့။ ဘုန်းကြီးတို့တစ်တွေက တဏှာ
ကို မပယ်နိုင်ဘဲနဲ့ ဒုက္ခက လွတ်မြောက်ချင်နေတာ၊ တဏှာကို မပယ်ဘဲနဲ့ ဒုက္ခက လွတ်မြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
တဏှာမပယ်ဘဲနဲ့ ဒုက္ခကလွတ်တယ်ဆိုတာ လုံးဝမရှိဘူး။
ဒါ့ကြောင့်မို့လို့ အားလုံးမကြိုက်မနှစ်သက်တဲ့ ဒီဒုက္ခကြီးက လွတ်ဖို့ဆိုလို့ရှိရင် ဘာကို ကုန်အောင်လုပ်ရမလဲ။ ဒုက္ခကို
ကုန်အောင်လုပ်ရမှာလား၊ တဏှာကို ကုန်အောင်လုပ်ရမှာလား၊ ဒုက္ခကို ကုန်အောင်လုပ်လို့ မရဘူးတဲ့၊ ဒုက္ခကို ကုန်စေချင်လို့
ရှိရင် တဏှာကိုကုန်အောင်လုပ်ရမယ်။ အတွယ်အတာကို မလျော့ဘဲနဲ့ ဒုက္ခက လွတ်ချင်တယ်ဆိုရင်ကတော့ လုံးဝမဖြစ်နိုင်ဘူး။
ဒါ့ကြောင့် တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ တဏှာက္ခယော - တဏှာကို ကုန်စေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တ
ဖိုလ်ဆိုတဲ့ သဘာဝတရားဟာ၊ သဗ္ဗဒုက္ခံ - ဒုက္ခမှန်သမျှကို၊ ဇိနာတိ - အနိုင်ရတယ်လို့ ပြောတယ်။ ဒုက္ခခပ်သိမ်းက လွတ်
မြောက်ချင်လို့ရှိရင် တဏှာကုန်အောင် လုပ်ရမယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဘုရားအဖြစ်သို့ ရောက်တဲ့အချိန်မှာ ဥဒါန်းကျူးတဲ့စကားလေးကိုကြည့်၊ အားလုံး
ကြားဖူးကြလိမ့်မယ်၊ အိမ်တွေမှာ ဘုရားရုပ်ပွားတော်ပင့်ပြီး ကိုးကွယ်တဲ့အခါ "အနေကဇာတင်" တယ်ဆိုတာရှိတယ်နော်၊ အဲဒီ
အနေကဇာ ဆိုတာ၊ ပါဋ္ဌိစကားကို ဖြတ်ခေါ်တာ။ အနေကဇာတိ သံသာရံ ဆိုတဲ့ ဒီဂါထာကို ဖြတ်ပြီးတော့၊ ဘုရားဖြစ်စက
ဥဒါန်းကျူးတဲ့ ဂါထာလေး။ ဘာကိုဥဒါန်းကျူးခဲ့တာလဲဆိုရင် "ငါ့ရဲ့ ခန္ဓာဒုက္ခကြီးကို ထပ်တလဲလဲ ဖြစ်စေတာ၊ ထပ်တလဲလဲ
ဆောက်လုပ်နေတာ ဘယ်သူလဲဆိုတာ ငါရှာတာ မတွေ့ရလို့ ဘ၀ပေါင်းများစွာ သံသရာလည်ခဲ့ရတယ်" လို့ပြောတယ်နော်။
အနေကဇာတိ သံသာရံ သန္ဓာဝိဿံ - ဘ၀တွေမြောက်များစွာ သံသရာထဲမှာ ပြေးခဲ့ရတယ်။ လည်ခဲ့ရတယ်၊ ကျင်လည်ခဲ့ရတယ်၊
ဟိုဘ၀ကနေ ဒီဘ၀ရောက်ခဲ့ရတယ်၊ ဘယ်သူက လုပ်နေတာလဲဆိုတာ ရှာမတွေ့လို့တဲ့၊ ဘာဖြစ်လို့ရှာတုန်းဆိုတော့၊ 
ဒုက္ခာဇာတိ ပုနပ္ပုနံ - ထပ်ထပ်ပြီးတော့ မွေးနေတာဟာ ဒုက္ခဖြစ်လို့ပဲ။
ဒုက္ခဖြစ်တယ်ဆိုတာ စဉ်းစားကြည့် - မွေးလာပြီးရင် ဒီအတိုင်း ရပ်နေတာမဟုတ်ဘူး၊ ကျန်တဲ့ဒုက္ခတွေ အသာထား
လူဟာ နေရင်း ထိုင်ရင်း အိပ်ရင်းနဲ့ ဘာဖြစ်လာလဲ၊ တဖြည်းဖြည်း အိုလာတာ မဟုတ်ဘူးလား၊ အိုလာတယ် ဆိုတာကို အိုလာ
တယ် - လို့ မပြောချင်ဘူး ဟုတ်လား။ ဘယ်နှစ်နှစ် ဘယ်နှစ်နှစ်နဲ့ နှစ်ကလေးတွေ လုပ်ပြီးတော့ မွေးနေ့ပွဲတွေ ကျင်းပနေတယ်
တကယ်ကတော့ အိုလာတာပဲလေ၊ getting older and older လူတွေက တဖြည်းဖြည်း အိုလာတာပဲ။ အဲဒီလို အိုလာတာကို
ရပ်တန့်လို့ ရမလား၊ ( မရပါဘုရား )၊ အဲဒါကိုက ဒုက္ခကြီးပဲ။
တစ်ခါ အိုလာပြီးတော့ မကြာခဏ နာရတယ် ဆိုတာကော် မလာဘူးလား၊ နာလို့ ဆေးရုံတွေ ဆေးခန်းတွေ ပြည့်နေ
တာပဲ၊ သွားကြည့်နော် ဆေးရုံ ဆေးခန်းတွေ ဆေးတွေမလောက်ဘူး၊ ဒီဒုက္ခတွေ နောက်ဆုံးကျတော့ ဘာဖြစ်တုန်းဆိုရင်
မရဏ ဗြဟ္မစိုရ်အဖွဲ့က အကူအညီပေးရတဲ့ အဆင့်ရောက်ရော၊ မရဏဒုက္ခ။
ကဲ - မွေးတယ်ဆိုတာ မွေးရုံနဲ့ ရပ်နေမှာ မဟုတ်ဘူး၊ အိုမယ်၊ နာမယ်၊ သေမယ်၊ ဒီစခန်း ဒီလမ်းပဲ သွားနေတာဆိုတော့
အဲဒီလိုချည်း ဖြစ်နေတာ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ။ ဒါ ဘုရားစဉ်းစားတာ အဲဒီအတိုင်းပဲနော်၊ ဒုက္ခာဇာတိ ပုစုပ္ပုနံ
ထပ်တလဲလဲ၊ ဇာတိ - မွေးဖွားလာရတာဟာ၊ ဒုက္ခာ - သိပ်စိတ်ပျက်စရာ ကောင်းတယ်တဲ့။
အဲဒါကြောင့်မို့ ဒီလို ထပ်တလဲလဲ မွေးနေအောင် ဘယ်သူလုပ်နေလဲလို့ ရှာလိုက်တာ နောက်ဆုံးကျတော့ တွေ့သွား
တယ်၊ အဖြေက ဘာတုန်းဆိုရင် "ယာတံ တဏှာ ပေါနော - ဗ္ဘ၀ိက" ဘ၀သစ်တွေကို တည်ဆောက်နေတာဟာ တဏှာပဲ
ဆိုတာ သွားတွေ့တယ်။ လိုချင်တာတို့၊ တွယ်တာတာတို့၊ မက်မောတာတို့ဆိုတဲ့ ဒီသဘာဝတရားလေးကို သွားတွေ့တယ်။
သွားတွေ့လိုက်တဲ့အခါကျတော့ ဒါကိုဖယ်ရမှာပဲဆိုတာ သဘောပေါက်သွားတယ်။ တဏှာကို အဆင့်ဆင့် ဖယ်ရှားလိုက်
တာ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်တဲ့အခါ တဏှာလုံးဝကုန်သွားပြီ။ ဒါ့ကြောင့်မို့ အဲဒီဂါထာမှာ နောက်ဆုံး
ဘုရားက သူရလိုက်တာ ဘာတုန်းဆိုရင် တဏှာနံ ခယမဇဗ္ဈဂါ၊ တဏှာကုန်ဆုံးမှုကို သူရတယ်။ ကုန်တာကို ရတာနော်။
ဘုန်းကြီးတို့တစ်တွေဟာ ရှိတာလေးကုန်သွားမှာ ကြောက်နေတာ။ မြတ်စွာဘုရားကတော့ ဒီအတွယ်အတာ တဏှာလေး
ကို ကုန်အောင်လုပ်၊ ကုန်သွားတာလေး ရတာကိုပဲ သူ့မှာ သိပ်ဝမ်းသာရွှင်မြူးပြီး ဥဒါန်းကျူးစရာကြီး ဖြစ်လာတယ်။ တဏှာနံ
ခယမဇ္ဈဂါ၊ တဏှာနံ ခယံ - တဏှာတို့ရဲ့ ကုန်ဆုံးမှုဆိုတဲ့ ကုန်ဆုံးစေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုတဲ့ သဘာဝ
တရားကို၊ အဇ္ဈဂါ - ငါ ရလိုက်ပြီဆိုတာ ဒုက္ခကို ငါအနိုင်ရလိုက်ပြီလို့ ပြောတာ၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအဖြေကို
ပေးတာ၊ လောကမှာ လုံးဝချုပ်ငြိမ်းဖို့ဆိုရင် ဘာကို ပယ်ရမလဲ၊ ( တဏှာကို ပယ်ရမှာပါ ဘုရား )၊ တဏှာကို မပယ်နိုင်သေး
သမျှတော့ နိဗ္ဗာန်နဲ့ ဝေးနေဦးမှာပဲလို့ ဒီလိုဆိုလိုတယ်။
အခုပြောခဲ့တဲ့ မေးခွန်းလေးခုဟာ ၁၂ နှစ်ကြာ အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေပဲ။ (၁) ပေးကမ်းခြင်းအထဲမယ် ဘယ်ပေး
ကမ်းခြင်းဟာ အကောင်းဆုံးလဲတဲ့။ (၂) အရသာတွေထဲမှာ ဘယ်အရသာက အကောင်းဆုံးလဲ။ (၃) ပျော်မွေ့စရာတွေထဲမှာ
ဘယ်ပျော်မွေ့မှုက အကောင်းဆုံးလဲ။ (၄) တဏှာကုန်ခြင်းဟာ ဘာကြောင့် အကောင်းဆုံးဖြစ်ရသလဲဆိုတဲ့ အဲဒီမေးခွန်း
လေးချက်ကို နတ်တွေ ဆွေးနွေးကြတာ ၁၂ နှစ်ကြာသွားတယ်၊ အဖြေမရဘူးတဲ့။ မြတ်စွာဘုရားနှင့် တွေ့တဲ့အခါကျတော့မှ
မှန်ကန်တဲ့အဖြေတွေ ရသွားကြတယ်။
ဘုန်းကြီးတို့တစ်တွေလည်း ဒီကနေ့ ဒီအဖြေတွေကို မှတ်သားထားဖို့ပဲ။ ဒီကနေ့ ဒီအဖြေတွေကို မှတ်သားထားပြီးတော့
ဘာ့ကြောင့် ဓမ္မဒါနသည် ဒါနအားလုံးမှာ အမြတ်ဆုံး ဖြစ်သလဲဆိုရင် ဓမ္မဒါနရဲ့ အကျိုးပြုမှုက ကျန်တဲ့ ဒါနတွေရဲ့ အကျိုးပြုမှု
ထက် သာလွန်တယ်။
ကျန်တဲ့အရသာတွေထက် ဓမ္မရသဆိုတာ လုံးဝ ဒုက္ခခပ်သိမ်းကင်းငြိမ်းပြီး ရင်ထဲအေးမြစေတာဖြစ်လို့ သူက အကောင်း
ဆုံး ဖြစ်တယ်။
ပျော်မွေ့စရာတွေရဲ့ နောက်ကွယ်မှာ ပြဿနာတွေ အများကြီး တက်လာတဲ့အတွက်ကြောင့် ဓမ္မရတိလို့ဆိုတဲ့ တရားနဲ့
ပျော်မွေ့ခြင်းဟာ လုံးဝပြဿနာမတက်တဲ့အပြင် ထာဝရပျော်မွေ့ရမယ့် ပျော်မွေ့မှု ဖြစ်သောကြောင့် ဒါ အကောင်းဆုံးဖြစ်တယ်။
နောက်ဆုံး ဒုက္ခတွေ ပြဿနာတွေ အားလုံးကို ငြိမ်းချင်လို့ရှိရင် အတွယ်အတာကို ဖယ်ရှားရမယ်။ ဒါပဲ။ ဗုဒ္ဓမြတ်စွာ
ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အကျဥ်းချုပ်က အဲဒါပဲ။
ဘုန်းကြီးတို့တစ်တွေဟာ နောက်ဆုံးမှာ တို့တစ်တွေရဲ့ ဦးတည်ချက်က ဘာလဲဆိုရင် တဏှာကုန်ဖို့ပဲ။ အဲဒီတဏှာ
မကုန်သေးသမျှ သံသရာထဲမှာ တို့တစ်တွေ လည်နေကြဦးမှာပဲ။ တဏှာဆိုတာ ကုန်သွားမှ ဟောဒီ ဒီဘ၀ကနေ ဟိုဘ၀၊
ဒုက္ခမျိုးစုံထဲမှာ ကျင်လည်ရတဲ့ဘ၀၊ သံသရာက လွတ်မြောက်ပြီး နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရကြမှာ ဖြစ်တယ်။
အဲဒါကြောင့် တဏှာကုန်အောင် တို့တစ်တွေ ကြိုးစားအားထုတ်ကြရမယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ကြိုးစားအားထုတ်
နိုင်ကြပါစေကုန်သတည်း။
သာဓု . . . သာဓု . . . သာဓု

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ (Ph.D)

No comments:

Post a Comment